Friday 24 July 2015

သတ္တမအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ဖိတ်ကြား



(စင်္ကာပူ၊ ဇူလိုင် ၂၄)
ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ) က ဦးစီးပြီး ကျင်းပမည့် သတ္တမအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို လာမည့် သြဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) (စင်္ကာပူနိုင်ငံ အမျိုးသားနေ့)တွင် Lakeside MRT station အနီးရှိ The Fairway Club, No 11, Japanese Garden Road, Singapore 619229 တွင် နေ့လည် ၁၂း၀၀ မှ ညနေ ၄း၀၀ အထိ ကျင်းပမည် ဖြစ်ပြီး စင်္ကာပူနိုင်ငံရောက် ကရင်တိုင်းရင်းသားများ တက်ရောက်နိုင်ရန် တိုက်တွန်းထားကြောင်း သတင်းရရှိသည်။
(သတင်း - မြောင်းမြ ကရင်လေး)

Tuesday 5 August 2014

ဆဋ္ဌမအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပပြီးစီး



(စင်္ကာပူ၊ သြဂုတ် ၃ ရက်)

စင်္ကာပူနိုင်ငံရောက် မျိုးချစ်ကရင်လူငယ်များနှင့် စုပေါင်းကာ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စတင်ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)က ကြီးမှူးကျင်းပသော ဆဋ္ဌမအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ယခုလ ၃ရက်နေ့က Yeo’s Building, No 2 Telok Blangah Street 31 Singapore 108942 တွင် ကျင်ပခဲ့ရာ စင်္ကာပူရောက် ကရင်တိုင်းရင်းသားပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို နေ့လည် ၁း၀၀နာရီတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ရှေးဦးစွာ အခမ်းအနားမှူးများဖြစ်ကြသော စောမြင့်ဦးနှင့် နန်းဇာဇာကြည်တို့က အခမ်းအနားအစီအစဉ်များကို ဖတ်ကြားသည်။
ဆက်လက်ပြီး ကရင်အမျိုးသားအလံတော်ကိုအလေးပြုကာ ကရင်အမျိုးသား သီချင်းသီဆိုလျှက် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)က နာယကတစ်ဦးဖြစ်သူ စကျော်ဟှိလာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၇၅၄နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး (ဗဟို) ကော်မတီ - စင်္ကာပူ က ဥက္ကဋ္ဌ စောဒီးဒီက ကရင့်ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သတ်ပြီး အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား စာတမ်းများကို ဖတ်ကြားရာ ယခုနှစ် အလှည့်ကျ ဘာသာဖြစ်သော အနောက်ပိုးကရင် ဘာသာစကားဖြင့် နန့်ဝါ၀ါ ကလည်းကောင်း၊ မြန်မာဘာသာစကားဖြင့် မန်းစစ်အေးကလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။
ထို့နောက် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)မှ လူငယ်မောင်မယ်လေးများက ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပပုံကို သရုပ်ပြ ခဲ့ကြသည်။ ဆက်လက်ပြီး အခမ်းအနားကို တက်ရောက်လာကြသော ကရင် ညီအစ်ကို မောင်နှမများက ဘိုးဘွားများထံတွင် လက်ချည်ခြင်းကို ခံယူခဲ့ကြကြောင်း သတင်းရရှိသည်။
ဆက်လက်ပြီး အခမ်းအနား အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ဖျော်ဖြေရေး အစီအစဉ်များကို တင်ဆက်ရာတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များက
-         ချည်ဖြူဖွဲ့ မင်္ဂလာ သရုပ်ပြ ဒုံးယိမ်းအက၊
-         ညီညာလှပ ကရင်ဒုံးယိမ်းအက၊
-         ကရင့်ရိုးရာ ကျွဲဒုံး၊
-         ကရင့်ရိုးရာ တေးသရုပ်ဖော် ဒုံးယိမ်းအကများအပြင် အသင်းသားတို့၏ သာယာ နာပျော်ဖွယ်ရာ တေးသံသာများဖြင့် စုံလင်စွာ တင်ဆက်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ကရင့်ရိုးရာ စည်းလုံးညီညွတ်ရေး တေးတစ်ပုဒ်ဖြစ်သော အောခူးအောခေါင် သီချင်းကို ဧည့်ပရိတ်သတ်များက စုပေါင်းသီဆိုကာ အခမ်းအနားကို ညနေ ၅း၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။
အခမ်းအနားအပြီးတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)မှ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီဝင်များသည် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များနှင့် စုပေါင်းကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ဇွဲကပင် မျိုးချစ်ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)သည် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ၂၀၀၉ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှစတင်ကာ နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ်ဆိုလျှင် ဆဋ္ဌမအကြိမ်တိုင်ခဲ့ပြီဖြစ်သည်။

သတင်း မှတ်တမ်းနှင့် ပြန်ကြားရေး
(ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ စင်္ကာပူ)

Sunday 8 June 2014

ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ) ၂၀၁၄ခုနှစ် ဇွန်လ လပတ် အစည်းအဝေး ကျင်းပ ပြီးစီး



(စင်္ကာပူ၊ ဇွန်လ ၈ ရက်)

စင်္ကာပူနိုင်ငံရောက် ကရင်လူငယ်များဖြင့် စုစည်းဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ ၂၀၁၄ခုနှစ် ဇွန်လ လပတ် အစည်းအစေးကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ ၈ ရက်နေ့ ညနေ ၇း၀၀ က စင်္ကာပူနိုင်ငံ Peninsula Plaza အနီးရှိ Fort Canning Park တွင် ကျင်းပခဲ့ရာ အဖွဲ့ဝင်ပေါင်း ၅၀ နီးပါး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှေးဦးစွာ ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ ဥက္ကဌ စောခင်စန်းက အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ နာယက အဖွဲ့ဝင် တစ်ဦးဖြစ်သော စကျော်ဟိလာက လာမည့် သြဂုတ်လ တွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့က ဦးစီးကျင်းပမည့် ဆဌမ အကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ခန်းမ စီစဉ်ထားရှိမှု ဆိုင်ရာ ကိစ္စရပ်များကို တင်ပြ ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေး တာဝန်ခံ စထင်လင်းထွဋ်က အခြားကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက် ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများအရ
၁) ဆဌမအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ၂၀၁၄ခုနှစ် သြဂုတ်လ ၃ ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည် ၁း၀၀ နာရီတွင် ယမန်နှစ်က ကျင်းပခဲ့သော Yeo’s Building, No 2, Telok Blangah Street 31 Singapore 108942 တွင်ကျင်းပရန် အတည်ပြုကြောင်း၊
၂) ဖိတ်စာရိုက်ကူးရေးနှင့် တိုင်းရင်းသား အဖွဲ့များကို ဖိတ်ကြားရေးဆိုင်ရာ ကိစ္စများကို စထင်လင်းထွဋ်က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း
၃) အခမ်းအနား ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများကို စောလှစိုးက တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း
၎) အခမ်းအနားအတွက် ထိုင်ခုံများ ငှားရမ်းခြင်းဆိုင်ရာ ကိစ္စနှင့် အသံချဲ့စက် ငှားရမ်းခြင်းကိစ္စများကို စကျော်ဟိလာနှင့် စထင်လင်းထွဋ်တို့က ဆောင်ရွက်မည်ဖြစ်ကြောင်း
၅) ယခုနှစ် ရိုးရာ ချည်ဖြူပွဲတွင် ကရင်ရိုးရာ မုန့်ဟင်းခါး ကျွေးမွေးမည်ဖြစ်ပြီး အကျွေးအမွေး အချက်အပြုတ်ဆိုင်ရာကို စတိုးတိုးဝင်းက ဦးဆောင်ပေးရန် ဆုံးဖြတ်ခဲ့ပြီး စောကျော်ထွန်းလင်း အိမ် (သို့မဟုတ်) မန်းစစ်အေး အိမ်တွင် ချက်ပြုတ်ရေးဆောင်ရွက်ရန် ရွေးချယ် ဆုံးဖြတ်ခဲ့ကြောင်း
၆) မှတ်တမ်းတင် ရိုက်ကူးရေးဆိုင်ရာအတွက် အောက်ဖော်ပြပါ ပုဂိုလ်များကို ရွေးချယ်ထားကြောင်း သတင်းရရှိပါသည်။

ဗွီဒီယို
က) စောဝင်းခိုင် (ဗွီဒီယို ကင်မရာ + ရိုက်ကူးရေး)
ခ) စအောင်မွန် (ဗွီဒီယို ကင်မရာ)
ဂ) စောမောင်မောင် (ဗွီဒီယို ကင်မရာ + ရိုက်ကူးရေး)

ဓာတ်ပုံ
က) စောမောင်မောင် (ဓာတ်ပုံ ကင်မရာ + ရိုက်ကူးရေး)
ခ) စောအောင်မြင့်ဝင်း (ဓာတ်ပုံ ကင်မရာ + ရိုက်ကူးရေး)
ဂ) စထင်လင်းထွဋ် (ဓာတ်ပုံ ကင်မရာ + ရိုက်ကူးရေး)

ဆက်လက်ပြီး ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ကျရောက်မည့် ၂၇၅၄နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူး အခမ်းအနား ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို စထင်လင်းထွဋ်က ဆွေးနွေးခဲ့သည်။

ထို့နောက် ဆဌမအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားတွင် တင်ဆက်ပါဝင်မည့် ဖျော်ဖြေရေး ဆိုင်ရာကိစ္စများကို စောအောင်မြင့်ဝင်းက ဆွေးနွေးရာ ယခုနှစ်တွင် ရိုးရာ အက ၃ခုခန့် ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် သီချင်းဆို ပါဝင်ဖျော်ဖြေမည့်သူများ အနေဖြင့် မိမိတို့ ပါဝင်သီဆိုလိုသောသီချင်းများကို တစ်ဦးလျှင် အများဆုံး နှစ်ပုဒ် နှုံးဖြင့် လာမည့် ဇူလိုင်လ ၆ ရက်နေ့ အစည်းအဝေးတွင် နောက်ဆုံးထား ပေးပို့ရန်နှင့် မိမိတို့ တင်သွင်းထားသော သီချင်းများကို အခြားသီချင်းဖြင့် ပြန်လည် လဲလှယ်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း သတင်းရရှိပါသည်။

ဆက်လက် ဘဏ္ဍာရေးမှူး စောဝင်းခိုင်က ဘဏ္ဍာငွေဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးရာ ယခုအချိန်အထိ စာရင်းပိတ် လက်ကျန် စင်္ကာပူဒေါ်လာ ၇၀၆၀.၀၀ တိတိ လက်ကျန်ရှိကြောင်း သိရရှိရပါသည်။ ထို့နောက် လစဉ်အလှူငွေကောက်ခံရာ စင်္ကာပူဒေါ်လာ ၆၁၀.၀၀ တိတိ ထပ်မံ လက်ခံ ရရှိပါသည်။

အခြားဆွေးနွေးစရာကိစ္စရပ်များခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “Certificate of Appreciation” ကို အဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ပြီး အဖွဲ့ဝင်များ၏ သဘောထားတောင်းခံကာ အတည်ပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုလ လပတ်အစည်းအဝေးကို ယနေ့ည ၈း၃၀ ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

သတင်း မှတ်တမ်းနှင့် ပြန်ကြားရေး
(ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ - စင်္ကာပူ)

Sunday 4 May 2014

ဇွဲကပင် မျိုးချစ်ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ ၂၀၁၄ခုနှစ် ဧပြီလ လပတ်အစည်းအဝေး ကျင်းပ ပြီးစီးခြင်း


(စင်္ကာပူ၊ ဧပြီလ ၆ ရက်)

ဇွဲကပင် မျိုးချစ်ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ ၂၀၁၄ခုနှစ် ဧပြီလ လပတ်အစည်းအဝေးကို ယနေ့ ၂၀၁၄ခုနှစ် ဧပြီလ ၆ ရက်နေ့ (တနင်္ဂနွေနေ့) ညနေ ၇း၃၀ က ကျင်းပပြီးစီးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ စင်္ကာပူရောက် ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ဝင်ပေါင်း ၃၀ ယောက်ခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဇွဲကပင် မျိုးချစ်ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ဦးစီးကျင်းပမည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကျင်းပရေး ဆိုင်ရာ ကိစ္စများ၊ လစဉ် လပတ်အစည်းအဝေး ကျင်းပရေး ဆိုင်ရာ ကိစ္စများ၊ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ယခုနှစ် ကျင်းပမည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို သြဂုတ်လ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပရန် အတည်ပြုခဲ့သည်။ ၂၀၁၄ခုနှစ် သြဂုတ်လ ၉ ရက်နေ့ သည် စင်္ကာပူနိုင်ငံ ရုံးပိတ်ရက် (အမျိုးသားနေ့) ဖြစ်သောကြောင့် အဆိုပါနေ့တွင် ချက်ပြုတ်ရေးနှင့် ၀ယ်ခြမ်းရေး ကိစ္စများ၊ အခမ်းအနား ပြင်ဆင်ရေး ကိစ္စများ ဆောင်ရွက်နိုင်စေရန် အတွက် သြဂုတ်လ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် အခမ်းအနားကို ကျင်းပနိုင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားကို ယမန်နှစ်က ကျင်းပခဲ့သည့် Yeo’s Building တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ကျင်းပရေးအတွက် ခန်းမ ငှားရမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။

လစဉ် ကျင်းပနေကြဖြစ်သော ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့ (စင်္ကာပူ) ၏ အစည်းအဝေးများကို အဖွဲ့သူ၊ အဖွဲ့သားများ အားလုံး အဆင်ပြေစေရန် ပင်နီစူလာ ပလာဇာ အနီးရှိ Fort Canning Park တွင် လစဉ် ပထမပတ် တနင်္ဂနွေနေ့တိုင်းတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ အကတိုက်ရန် သီးသန့်သာ ရှိသော သတင်းပတ်များတွင်မူ အကအဖွဲ့ဝင်များ အဆင်ပြေရာ Fort Canning Park သို့မဟုတ် Lakeside Park တစ်နေရာရာတွင် စီစဉ်ရန်၊ အကတိုက်ခြင်းနှင့် အစည်းအဝေး ကျင်းပခြင်း ဆုံသော သတင်းပတ်များတွင်မူ အစည်းအဝေး ကျင်းပရာ Fort Canning Park တွင်သာ ဆုံတွေ့ စည်းဝေးကြရန် အများသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ဆက်လက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ဘဏ္ဍာရေးမှူး စောဝင်းခိုင်က ရှင်းလင်းပေးရာ ယခင်လများက လက်ကျန်ငွေနှင့် ယခုလ ကောက်ခံရရှိသော ရန်ပုံငွေများအပါအ၀င် ယခုလ စုစုပေါင်း လက်ကျန်ငွေ S$ 3650 တိတိ အဖွဲ့ရံပုံငွေ ရှိကြောင်း သတင်း ရရှိပါသည်။

ထို့နောက် လာမည့် မေလ လပတ် အစည်းအဝေးကို ၂၀၁၄ခုနှစ် မေလ ၄ ရက်နေ့ (တနင်္ဂနွေနေ့) ညနေတွင် Fort Canning Park ကျင်းပမည်ဖြစ်ပြီး အဆိုပါနေ့တွင် လက်ချည်ပွဲအတွက် အကအလှ ဖျော်ဖြေရေး ကိစ္စရပ်များ အပါအ၀င် အခြား ဆွေးနွေးရန် ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ပြီး အဖွဲ့သားများ အားလုံး မပျက်မကွက် တက်ရောက်ပေးကြပါရန် တိုက်တွန်းထားကြောင်း သတင်းရရှိပါသည်။

သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေး
ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)

ဇွဲကပင် မျိုးချစ်ကရင် လူငယ်များ အဖွဲ့၏ ဖွဲ့စည်းပုံကို ပြန်လည် ဖွဲ့စည်း


(စင်္ကာပူ၊ မတ်လ ၂ ရက်)

ဇွဲကပင် မျိုးချစ်ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ မတ်လ လပတ် အစည်းအဝေးကို ၂၀၁၄ခုနှစ် မတ်လ ၂ ရက်နေ့ ညနေ က ကျင်းပခဲ့ပြီး အဆိုပါ မတ်လ လပတ်အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့ကြသည့် အတိုင်း ဇွဲကပင် မျိုးချစ်ကရင် လူငယ်များ အဖွဲ့၏ ဖွဲ့စည်းပုံကို အောက်ပါအတိုင်း ပြန်လည် ဖွဲ့စည်း အတည်ပြုခဲ့ကြကြောင်း သတင်း ရရှိပါသည်။

နာယကကြီးများ -
(၁) စထွန်းထွန်းဦး
(၂) စကျော်ဟိလာ
(၃) စောထွဋ်မောင်း
(၄) စတိုးတိုးဝင်း
(၅) နန်းခင်သန္တာစိုး


ဥက္ကဌ - စောခင်စန်း
ဒု-ဥက္ကဌ - စောအောင်မြင့်ဝင်း
အထွေထွေ အတွင်းရေးမှူး - စောလှစိုး
အတွင်းရေးမှူး (၁) - စချစ်မိုးအောင်
အတွင်းရေးမှူး (၂) - စောမြိုင်ဝင်း


ဗဟို အလုပ်မှုဆောင်များ -
(၁) စဟိန်းဇော်ဇော်
(၂) စလှမိုးဦး
(၃) နန့်လင်းလင်းကြူ
(၄) နန်းဇာဇာကြည်
(၅) စောအောင်စိုးမိုး
(၆) စောစိုးဇော်လင်း
(၇) စောအောင်ငြိမ်းချမ်း
(၈) စောကျော်ထွန်းလင်း
(၉) စောဝင်းအောင်


ဘဏ္ဍာရေးမှူး - စောဝင်းခိုင်
တွဲဘက် ဘဏ္ဍာရေးမှူး - နန်းချစ်ချစ်ကြည်


ယဉ်ကျေးမှု -
(၁) စောသလာရှုးဖောင်
(၂) စောသန်းထွဋ်အောင်
(၃) နန်းနှင်းနှင်းဝေ
(၄) နန်းနှင်းနန္ဒာအေး


သတင်း မှတ်တမ်းနှင့် ပြန်ကြားရေး
(၁) စထင်လင်းထွဋ်
(၂) စအောင်မွန်
(၃) နန်းမေသဇင်


သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေး
ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)

Tuesday 24 September 2013

စင်္ကာပူ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ မိသားစု တွေ့ဆုံပွဲ ဇွဲကပင် မျိုးချစ်ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ) တက်ရောက်


(စင်္ကာပူ၊ စက်တင်ဘာ ၂၂)
စင်္ကာပူ နိုင်ငံရှိ မြန်မာကလပ်က ကြီးမှူးကျင်းပသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စင်္ကာပူရောက် မြန်မာမိသားစုများ တွေ့ဆုံပွဲကို ဆန်တိုဆာကျွန်းရှိ Resort World Sentosa Convention Hall တွင် စက်တင်ဘာလ ၂၂ရက်နေ့မနက်က ကျင်းပခဲ့ရာ စင်္ကာပူရောက် ကရင်တိုင်းရင်းသားများနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ အဖွဲ့က ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။ အဆိုပါ အခမ်းအနားတွင် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များက ကဲုးကဲုးနိုဝ် အကဖြင့် တင်ဆက်ကပြခဲ့သည်။ 

ဇွဲကပင် မျိုးချစ် ကရင် လူငယ်များက ကဲုးကဲုးနိုဝ် အကဖြင့် တင်ဆက်ခြင်း မှတ်တမ်း ဗွီဒီယို
(သတင်း - မြောင်းမြကရင်လေး)

Sunday 2 September 2012

စတုတ္ထအကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး


(စင်္ကာပူ၊ စက်တင်ဘာ ၂ ရက်)
စင်္ကာပူနိုင်ငံရောက် ကရင်တိုင်းရင်းသား ညီအကို မောင်နှမများက ၂၀၀၉ခုနှစ်က စတင်ကာ နှစ်စဉ် စုပေါင်းကျင်းပကြသည့် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား တစ်ရပ်ကို ယနေ့ နေ့လည် ၁း၀၀ နာရီက စင်္ကာပူနိုင်ငံ အမှတ် ၁၆၅ Sims Avenue ရှိ Harvest Care Center ၏ စတုတ္ထအထပ်တွင် ကျင်းပခဲ့ကြသည်။
အခမ်းအနားသို့ စင်္ကာပူနိုင်ငံရောက် ကရင်တိုင်းရင်းသား ညီအကို မောင်နှမများနှင့်အတူ အထူးဖိတ်ကြားထားသော တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင် တိုင်းရင်းသား မိသားစု (စင်္ကာပူ) က ကိုယ်စားလှယ်များ၊ ရှမ်း တိုင်းရင်းသား မိသားစု (စင်္ကာပူ) က ကိုယ်စားလှယ်များ၊ ပအိုးဝ် တိုင်းရင်းသား မိသားစုက ကိုယ်စားလှယ်များ၊ အင်းသား တိုင်းရင်းသား အဖွဲ့က ကိုယ်စားလှယ်များ၊ ရခိုင် တိုင်းရင်းသား မိသားစု (စင်္ကာပူ) ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။
ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား ကရင့်ရိုးရာ မုန့်ဟင်းခါးနှင့် အအေးစုံဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနား အစီအစဉ် စတင်ရာတွင် ပထမပိုင်း ဟောပြောပွဲ အခမ်းအနားနှင့် ဒုတိယပိုင်း ဖျော်ဖြေရေး အစီအစဉ် ဟူ နှစ်ပိုင်းခွဲကာ ကျင်းပခဲ့ကြသည်။
ပထမပိုင်း ဟောပြောပွဲ အခမ်းအနား စတင်လျှင် စတင်ချင်း ကရင့်အမျိုးသား အလံတော်ကို အလေးပြုကာ ကရင့် အမျိုးသားသီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။ ထို့နောက် စတုတ္ထအကြိမ် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီ စင်္ကာပူက နာယက စထွန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကျင်းပရေး ကော်မတီ နာယက အဖွဲ့ဝင် စောဒီးဒီးက ကရင်ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သတ်သည့် အချက်အလက်များကို ဟောပြောခဲ့ကြသည်။ ထို့နောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား စာတမ်းကို မြန်မာဘာသာဖြင့် စ၀င်းကိုကိုက ဖတ်ကြားခဲ့သည်။ ဆက်လက် ယခုနှစ် အလှည့်ကျ ဘာသာစကားဖြစ်သည့် အနောက်ပိုး ကရင်ဘာသာစကားဖြင့် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား စာတမ်းကို နန့်မူစေးဘွားက ဖတ်ကြားခဲ့ကြသည်။ ထို့နောက် သရုပ်ဖော် လက်ချည်ခြင်း အစီအစဉ်ကို ကရင် မိသားစု စင်္ကာပူ က လူငယ် မောင်မယ်များက သရုပ်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဧည့်ပရိတ်သတ်များက ချည်ဖြူဖွဲ့ လက်ချည်ခဲ့ကြသည်။
စတုတ္ထအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ပိတ်နေစဉ်

ထို့နောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်း ကို ဆက်လက် ကျင်းပရာ ကရင် တိုင်းရင်းသား လူငယ်များ၏ ရိုးရာ တေးသံသာများအပြင် လှမ်းလာခဲ့ပါ ဇွဲကပင်မြေ သရုပ်ဖော် ဒုံးယိမ်းအက၊ တောင်ပေါ်ကရင် လူမျိုးစုတို့၏ တောင်ယာ စူးထိုးအက၊ ကရင် တိုင်းရင်းသား လူမျိုးစုတို့၏ ရိုးရာ မင်္ဂလာဆောင် သရုပ်ပြခြင်းတို့ကို တင်ဆက်ခဲ့ကြသည်။ အခမ်းအနားကို စည်းလုံးညီညွတ်ရေး တေးတစ်ပုဒ်ဖြစ်သည့် အှှ်ဃှူ့အှ်ဃှင် သီချင်းဖြင့် စုပေါင်းသီဆိုကာ ယနေ့ညနေ ၅း၃၀ တွင် အောင်မြင်စွာ ကျင်းပပြီးစီးသွားကြောင်း သတင်းရရှိပါသည်။
စတုတ္ထအကြိမ် ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှလည်း ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပပုံ မှတ်တမ်း ဗွီဒီယိုများကို ကရင်မိသားစု စင်္ကာပူ၏ ဘလော့ဖြစ်သည့် www.zwekabinyouth.co.cc နှင့် www.youtube.com/myaungmyakayinlay စာမျက်နှာတို့တွင် မကြာမီ တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
( သတင်း - မြောင်းမြကရင်လေး )

Sunday 3 June 2012

စတုတ္ထအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ဒုတိယအကြိမ် အစည်းအဝေး ကျင်းပ


(စင်္ကာပူ၊ ဇွန် ၃)
စင်္ကာပူနိုင်ငံရောက် ကရင်တိုင်းရင်းသားများ စုစည်းကာ ကျင်းပသည့် စတုတ္တအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့ ညနေ ၇း၀၀ တွင် ပင်နီစူလာ ပလာဇာ အနီးရှိ Fort Canning Park တွင် ကျင်းပခဲ့ကြသည်။ အခမ်းအနားတွင် စတုတ္ထအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ အောက်ပါအတိုင်း တာဝန်ခွဲဝေ ခဲ့ကြသည်။

စတုတ္တအကြိမ် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ
စထွန်းထွန်းဦး (နာယက)
စောဒီးဒီး (နာယက)
စောသာဆန်းလွင် (နာယက)
နန်းခင်စန်းဦး (နာယက)
စကျော်ဟိလာ (ဥက္ကဌ)
နော်မူရာထွန်း (အဖွဲ့ဝင်)
စောအယ်ဆား (အဖွဲ့ဝင်)
စထင်လင်းထွဋ် (အဖွဲ့ဝင်)
စောမျိုးဝင်းသိမ်း (အဖွဲ့ဝင်)
စောအောင်မြင့်ဝင်း (အဖွဲ့ဝင်)
စတိုးတိုးဝင်း (အဖွဲ့ဝင်)
နန်းမိမိခိုင် (အဖွဲ့ဝင်)
စချစ်မိုးအောင် (အတွင်းရေးမှူး-၁)
စောအဲဆယ်လ် (အတွင်းရေးမှူး-၂)

အချက်အပြုတ်နှင့် ကျွေးမွေးဧည့်ခံရေး အဖွဲ့
စောမျိုးဝင်းသိမ်း (အဖွဲ့ခေါင်းဆောင်)
နန်းမိမိခိုင်
စောထွန်းသိန်း
နော်ပိစ်
စောထွန်းဝင်းဦး
စောအောင်စိုးမိုး

ဖျော်ဖြေရေး အဖွဲ့
စောအောင်မြင့်ဝင်း (အဖွဲ့ခေါင်းဆောင်)
နန်းခင်သန္တာစိုး
စောခင်စန်း
စောဝင်းခိုင်
စောအောင်ငြိမ်းချမ်း
စောစိုး

သတင်းနှင့်ပြန်ကြားရေး အဖွဲ့
စထင်လင်းထွဋ် (အဖွဲ့ခေါင်းဆောင်)
နန်းငွေခြည်စု
စ၀င်းကိုကို
မအေးသန္တာဦး
စောအောင်မျိုးဦး
စအောင်မွန်

ဘဏ္ဍာငွေ ရှာဖွေရေး အဖွဲ့
စောကျော်ထွန်းလင်း (အဖွဲ့ခေါင်းဆောင်)
စထွန်းထွန်းဦး
စောလှစိုး
စချစ်မိုးအောင်
စ၀င်းကိုကို

အခမ်းအနား ပြင်ဆင်ရေး အဖွဲ့
နန်းမိမိခိုင် (အဖွဲ့ခေါင်းဆောင်)
နော်ပိစ်
နန်းခင်သန္တာစိုး
နန့်လေးလေးအောင်

သယ်ယူပို့ဆောင်ရေး အဖွဲ့
စတိုးတိုးဝင်း (အဖွဲ့ခေါင်းဆောင်)

ဆက်လက်ပြီး အခမ်းအနား အထိမ်းအမှတ် တီရှပ် ရိုက်ကူးရေး ကိစ္စရပ်များ ဆွေးနွေးရာ တီရှပ်ဒီဇိုင်းကို နန်းငွေခြည်စုက ရေးစွဲပြီး အဖွဲ့ အစည်းအဝေးတွင် အတည်ပြုချက်ရယူကာ ထုတ်ဝေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ရိုးရာ အက သရုပ်ဖော်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ စင်္ကာပူနိုင်ငံရောက် အခြား တိုင်းရင်းသား အဖွဲ့များအား အခမ်းအနားသို့ ဖိတ်ကြားရေးကို ဆွေးနွေးရာ ပအိုးဝ်တိုင်းရင်းသား အဖွဲ့၊ ရှမ်းတိုင်းရင်းသား အဖွဲ့၊ ရခိုင် တိုင်းရင်းသား အဖွဲ့၊ မွန်တိုင်းရင်းသား အဖွဲ့၊ ကချင်တိုင်းရင်းသား အဖွဲ့၊ အင်းသား တိုင်းရင်းသား အဖွဲ့ များကို အဖွဲ့ တစ်ဖွဲ့လျှင် လူအင်အား (၃) ဦးခန့် ၀တ်စုံပြည့် တက်ရောက်နိုင်စေရေး ဖိတ်ကြားရန် သဘောတူ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် စင်္ကာပူနိုင်ငံရောက် ကရင်တိုင်းရင်းသားများ အားလုံး လူမျိုး၊ ဘာသာ မခွဲခြားဘဲ စုံစုံညီညီ တက်ရောက်နိုင်ရန်လည်း အလေးအနက်ထား တိုက်တွန်းခဲ့ကြသည်။

ထို့နောက် အကြံပြုချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ယနေ့ည ၈း၃၀ တွင် အောင်မြင်စွာ ရပ်နားခဲ့ကြသည်။
(သတင်း - ကရင်လေး မောင်ထင်)

Monday 21 May 2012

စတုတ္ထအကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကျင်းပရေး ပဏာမ အကြိုအစည်းအဝေး ကျင်းပပြီးစီး


(စင်္ကာပူ၊ မေ ၂၀)
စင်္ကာပူနိုင်ငံတွင် ၂၀၀၉ ခုနှစ်က စတင် ကျင်းပခဲ့သော ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ပဏာမ အစည်းအဝေးကို ယနေ့ ညနေ ၆း၃၀တွင် စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာ အနီးရှိ Fort Caning Park တွင် ကျင်းပခဲ့ရာ အမျိုးသားရေးကို ချစ်မြတ်နိုးသော ကရင် တိုင်းရင်းသားများ စုံစုံညီညီ တက်ရောက် ခဲ့ကြသည်။ 
အစည်းအဝေးတွင် စထွန်းထွန်းဦး၊ စကျော်ဟှိလာ၊ စောပိတီ၊ စောအောင်မြင့်ဝင်း၊ စောအဲဆယ်၊ စထင်လင်းထွဋ် နှင့် အခြား တက်ရောက်လာကြသော မျိုးချစ် ကရင် လူငယ်များက ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား  ကျင်းပရေး ဆိုင်ရာ အကြံပြုချက်များကို လွတ်လပ် ပွင့်လင်းစွာ တင်ပြ ဆွေးနွေးခဲ့ကြသည်။
စတုတ္ထ အကြိမ် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားကို ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ (တနင်္ဂနွေနေ့) တွင်ကျင်းပရန် အကြမ်းဖျဉ်း သဘောတူညီ ခဲ့ကြသည်။ အခမ်းအနား ကျင်းပရန် ခန်းမ ရရှိမှုပေါ်တွင် မူတည်ကာ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို အတည်ပြုရန် သဘောတူညီ ခဲ့ကြသည်။ 
ဘဏ္ဍာငွေ ရှာဖွေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် လက်ရှိ ပြုလုပ် ကျင့်သုံးလျှက်ရှိသော ရန်ပုံငွေ ရှာဖွေရေးတွင် အခြေခံရန် သဘောတူညီ ခဲ့ကြသည်။ 
ဖျော်ဖြေရေး ဆိုင်ရာများ ဆွေးနွေးရာတွင် ကရင်ဒုံးယိမ်း အကများ၊ ကရင့် တေးသရုပ်ဖော် အကများ၊ ကရင့် ရိုးရာသရုပ်ပြ အခန်းရပ် ပြဇာတ်များ၊ ကရင့်ရိုးရာ တေးဂီတ ဖျော်ဖြေမှုများဖြင့် ရသ အလှ စုံလင်စွာဖြင့် ယခင်နှစ်များနှင့် မတူ တမူထူးခြားစွာ တင်ဆက်ရန် ဆွေးနွေး တိုင်ပင်ခဲ့သည်။ ယခုနှစ် ကျင်းပသော ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားတွင် ကရင် တိုင်းရင်းသား မျိုးနွယ်စုံကို ပါဝင်ရန် နှိုးဆော်ခဲ့ပြီး၊ ကျင်းပရေး အခမ်းအနားတွင် ကရင် အမျိုးသား သီချင်းကို အရှေ့ပိုး၊ အနောက်ပိုး၊ စကော ဘာသာ သုံးမျိုးဖြင့် သီဆိုနိုင်ရန် အကြံပြုခဲ့သည်။ 
ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနား ကျင်းပရေး ကော်မတီကို ဇွန်လ ၃ ရက်နေ့ ညနေတွင် ကျင်းပမည့် ဒုတိယအကြိမ် အစည်းအဝေးတွင် တင်သွင်းကာ ဆုံးဖြတ် အတည်ပြု ကြမည် ဖြစ်သည်။ 
ကရင့်ရိုးရာ တေးသရုပ်ဖော် အက တင်ဆက်နိုင်ရန် ကရင့် လူမှုရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှု စသည်တို့ကို ပေါ်လွင် စေနိုင်သည့် ကရင့်ရိုးရာ သီချင်းများကို Facebook စာမျက်နှာရှိ Karen Family တွင် တင်ပြ အကြံပြုရန်လည်း နှိုးဆော်ထားကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)

Tuesday 8 May 2012

ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ စုံညီ တွေ့ဆုံပွဲ ကျင်းပပြီးစီး


(စင်္ကာပူ၊ မေ ၆)
၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က စင်္ကာပူ နိုင်ငံရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)၏ စုံညီ တွေ့ဆုံပွဲ တစ်ခုကို ယနေ့ နံနက် ၁၁ နာရီက ဆန်တိုဆာ အပန်းဖြေ ကျွန်းရှိ ပါလာဝမ် ကမ်းခြေတွင် ကျင်းပခဲ့ကြသည်။ အဆိုပါ တွေ့ဆုံ စားသောက်ပွဲကို အဖွဲ့ နာယကကြီး စထွန်းထွန်းဦးက စတင် အဆိုပြု၊ မ,တည်ခဲ့ပြီး အသင်း ရံပုံငွေဖြင့် ပံပိုးကာ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော တွေ့ဆုံပွဲ ကျင်းပရေး ကြိုတင် အစည်းအဝေးတွင် အများသဘောအရ ဆန်တိုဆာ အပန်းဖြေကျွန်းကို ရွေးခြယ်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ စုံညီ တွေ့ဆုံပွဲ အစပိုင်းတွင် နာယကကြီး စထွန်းထွန်းဦး၊ ဥက္ကဌ စကျော်ဟိလာ၊ အထူးဧည့်သည်တော် စောဒီးဒီး နှင့် အခြား အလုပ်အမှုဆောင်များက အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော သူများ၏ အကြံပြုချက်များကို ညှိနှိုင်း ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်များက ထမင်း၊ ဟင်း၊ ဆီထမင်း၊ လ္ဘက်သုပ်၊ ဘဲကင်၊ သင်္ဘောသီးထောင်း၊ အချိုရည် များဖြင့် ပျော်ပျော် ရွှင်ရွှင် စားသောက်ကြသည်။   
ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ စုံညီ တွေ့ဆုံပွဲတွင်  ပျော်ပျော်ရွှင်ရွှင် ကစားနေကြစဉ် (ဓာတ်ပုံ-သတင်းနှင့် ပြန်ကြားရေး၊ ဇွဲကပင်မျိုးချစ်ကရင်လူငယ်များ အဖွဲ့ - စင်္ကာပူ)
စားသောက် ပြီးသောအခါ အမျိုးသမီးများ အတွက် ကံစမ်းမဲ အစီအစဉ် စတင်ရာ ဥက္ကဌကြီး စကျော်ဟိလာက ပေါက်မဲကို ကြေငြာပေးခဲ့ပြီး ပေါက်မဲပေါက်သူ နန့်ပိုးပိုးမင်းအား ကံစမ်းမဲ ပေးအပ်ခဲ့သည်။ ထို့နောက် အဖွဲ့ဝင်များက ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးဖြင့် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်း ရရှိပါသည်။
(သတင်း - မြောင်းမြကရင်လေး)

Sunday 15 April 2012

၂၀၁၂ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်တွင် ဇွဲကပင် မျိုးချစ်လူငယ်များ ကရင်ဒုံးယိမ်းဖြင့် ဖျော်ဖြေ


(စင်္ကာပူ၊ ဧပြီ ၁၅)
စင်္ကာပူနိုင်ငံ ၀ရဓာတု ရတနာရာမ အသင်းတော် (ဓာတ်တော်တိုက်)က ကြီးမှူးကျင်းပသော န၀မ အကြိမ်မြောက် မြန်မာ့ရိုးရာ သင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ယနေ့မနက် ၁၀း၀၀ နာရီတွင် No.2, Telok Blangah Street 31 Singapore 108942 ရှိ Yeo’s Building တွင် ကျင်းပခဲ့သည်။ 
ဓာတ်တော်တိုက် မိသားစု မြန်မာ နှစ်သစ်ကူး သင်္ကြန်ပွဲတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များ ကရင်ဒုံးယိမ်းဖြင့် တင်ဆက်နေစဉ် (ဓာတ်ပုံ-သတင်းနှင့်ပြန်ကြားရေး၊ဇွဲကပင်မျိုးချစ်ကရင်လူငယ်အဖွဲ့)
အဆိုပါ အခမ်းအနားတွင် အသက် ၇၅နှစ်နှင့် အထက် သက်ကြီးပူဇော်ပွဲ၊ ငှက်လွှတ်ပွဲများကိုပါ ထည့်သွင်း ပြုလုပ်ခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ်တွင် သင်္ကြန်အကများ၊ တိုင်းရင်းသားရိုးရာ အကများ၊ သင်္ကြန်တေး သရုပ်ဖော် အကများဖြင့် စုံလင်အောင် တင်ဆက် ခဲ့ကြသည်။ ဇွဲကပင် မျိုးချစ်ကရင် လူငယ်များကလည်း ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် တင်ဆက် ဖျော်ဖြေခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း- မြောင်းမြကရင်လေး)

Sunday 4 March 2012

ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) က ဥက္ကဌ နှင့်အဖွဲ့ ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား တက်ရောက်

(စင်္ကာပူ မတ်လ ၄ ရက်)
ယနေ့ နေ့လည်ပိုင်းတွင် စင်္ကာပူ နိုင်ငံ Yeo’s Building တွင် ကျင်းပခဲ့သော စင်္ကာပူရောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့၏ ပဉ္စမ အကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားသို့ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌ စကျော်ဟှိလာ ဦးဆောင်သော အဖွဲ့က ဂုဏ်ပြု တက်ရောက်ကာ ဇွဲကပင် ကရင် မောင်မယ်များက ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ဂုဏ်ပြု တင်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။ 
အခမ်းအနားကို ယနေ့ နေ့လည် ၁၂ နာရီတွင် ပအိုဝ်း အမျိုးသား အလံတော်ကို အလေးပြုကာ ပအိုဝ်း အမျိုးသား သီချင်း သီဆိုပြီး စတင် ဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား ဖြစ်မြောက်လာပုံ သမိုင်း အကျဉ်းကို ပအိုဝ်း ဘာသာဖြင့် ခွန်ရေချမ်းက လည်းကောင်း၊ မြန်မာ ဘာသာဖြင့် ခွန်ဟန်မင်းအောင် တို့ကလည်းကောင်း အသီးသီး ဖတ်ကြား ခဲ့ကြသည်။ ထို့နောက် မွန်ပြည်နယ် သထုံမြို့ ပုဗ္ဗာရုံ ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ခေမာစာရ က ပေးပို့သော ပအိုဝ်း အမျိုးသားနေ့ သ၀ဏ်လွှာကို ခွန်ဟန်မင်းအောင်က ဖတ်ကြားခဲ့သည်။ 
ထို့နောက် တက်ရောက် လာကြသော တိုင်းရင်းသား အဖွဲ့များ၏ ရင်တွင်း ခံစားချက် မိန့်ခွန်းများကို ပြောကြားကြရာတွင် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌ စကျော်ဟှိလာ၊ ရှမ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က စိုင်းအုန်းကျော်၊ ကချင် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)မှ မရန်း ၀ီလျှံ၊ မွန် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က နိုင်တောပနားအောင်၊ ရခိုင် တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က ကိုသန်းထွန်းအေး တို့က အသီးသီး ခံစားချက် မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။ ဆက်လက်ပြီး အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ကူညီပေးခဲ့ကြသော ပုဂ္ဂိုလ်များအား ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)မှ ခွန်ထွန်းလင်းက ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်ခဲ့သည်။ ထို့နောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့ ဥက္ကဌ ကိုယ်စား ကျေးဇူးတင်စကားကို ခွန်ရေချမ်းက ပြောကြားခဲ့သည်။ ထို့နောက် ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့၏ ခင်မင်မှု အထိမ်းအမှတ် မေတ္တာလက်ဆောင် ပန်းခြင်းကို သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ စထင်လင်းထွဋ်က ပေးအပ်ရာ ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)က ခွန်ထွန်းလင်းက လက်ခံ ရယူခဲ့သည်။ 
ပအိုဝ်း တိုင်းရင်းသား အဖွဲ့ (စင်္ကာပူ)၏ ပဉ္စမအကြိမ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားတွင် ဇွဲကပင် မျိုးချစ် ကရင်လူငယ်များက ကရင်ရိုးရာ ဒုံးယိမ်းအကဖြင့် ပါဝင် ဂုဏ်ပြုတင်ဆက်နေစဉ်

ဆက်လက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်း၊ ဖျော်ဖြေရေး အစီအစဉ်များအား တင်ဆက်ရာတွင် ပအိုဝ်း ရိုးရာ သီချင်းများ၊ ပအိုဝ်း ရိုးရာ အကများ၊ ပအိုဝ်းရိုးရာ သိုင်းအကများအပြင် ရှမ်း တိုင်းရင်းသားများ၏ ရှမ်းရိုးရာ အက၊ ကချင် တိုင်းရင်းသားများ၏ ကချင်ရိုးရာ အက၊ ကရင် တိုင်းရင်းသားများ၏ ဒုံးယိမ်းအက၊ ရှမ်းရိုးရာ ဓါးသိုင်းအကများဖြင့် စုံစုံလင်လင် တင်ဆက်ခဲ့ကြသည်။ ထို့နောက် ပအိုဝ်း ရိုးရာ သီချင်းဖြင့် နောက်ဆုံးပိတ် ဖျော်ဖြေသီဆိုရာတွင် ကရင် တိုင်းရင်းသားများက ပအိုဝ်း တိုင်းရင်းသား များနှင့် စုပေါင်း ကပြခဲ့ကြပြီး အခမ်းအနားကို ယနေ့ ညနေ ၄ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ကြသည်။ ထို့နောက် ပအိုဝ်း တိုင်းရင်းသား အဖွဲ့ဝင်များနှင့် ကရင် တိုင်းရင်းသား အဖွဲ့ဝင်များ ချစ်ကြည်မှု မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ခဲ့ကြကာ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့က ဥက္ကဌနှင့် အဖွဲ့ဝင်များ ညနေ ၄း၁၅တွင် အခမ်းအနား ကျင်းပရာ ခန်းမမှ ပြန်လည် ထွက်ခွာသွားကြောင်း သက်ဆိုင်ရာက သတင်း ရရှိပါသည်။
(သတင်း - မြောင်းမြ ကရင်လေး)

Wednesday 8 February 2012

ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) သုံးနှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ ပြီးစီး

(စင်္ကာပူ ဖေဖော်ဝါရီ ၅ ရက်)
               စင်္ကာပူ နိုင်ငံရောက် မျိုးချစ် ကရင် လူငယ်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) သည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင် တင်ထောင်ခဲ့ရာ ယခု ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သုံးနှစ်ပြည့်မြောက် ခဲ့ပြီ ဖြစ်သည်။ ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ) ၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အစည်းအဝေး တစ်ရပ်ကို ယခုလ ၅ ရက်နေ့ ညနေ ၈း၀၀ က စင်္ကာပူနိုင်ငံ ပင်နီစူလာ ပလာဇာ အနီးရှိ Fort Caning Park တွင် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဇွဲကပင် မျိုးချစ် ကရင် လူငယ်အဖွဲ့ (စင်္ကာပူ) ၏ နာယကကြီး တစ်ဦးဖြစ်သူ စထွန်းထွန်းဦးက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဌ စကျော်ဟိလာက မှာကြားစရာ ရှိသည်များကို မှာကြားခဲ့သည်။ ထို့နောက် ဘဏ္ဍာရေး ဆိုင်ရာ  ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဘဏ္ဍာရေးမှူး စောလှစိုးက လည်းကောင်း၊ သတင်းနှင့် ပြန်ကြားရေး ဆိုင်ရာ ဆောင်ရွက် ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို စထင်လင်းထွဋ်က လည်းကောင်း၊ ဖျော်ဖြေရေး ဆိုင်ရာ ဆောင်ရွက်ခဲ့မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို စောအောင်မြင့်ဝင်းက လည်းကောင်းနှင့် အဖွဲ့ဆိုင်ရာ လိုအပ်သည်များကို စည်းရုံးရေးမှူး စောအဲဆယ် (စောကျော်ထွန်းလင်း) တို့က အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်းကြကာ အခမ်းအနားကို ညနေ ၉း၀၀ ကျော်တွင် ရုပ်သိမ်းခဲ့ကြောင်း သက်ဆိုင်ရာက သတင်းရရှိပါသည်။
(သတင်း-ကရင်လေးမောင်ထင်)

Thursday 26 January 2012

ဇွဲကပင်မျိုးချစ် ကရင်လူငယ်များအဖွဲ့ (စင်္ကာပူ) သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေး ဖိတ်ကြား

(စင်္ကာပူ - ဇန်န၀ါရီ ၂၆ရက်)
          စင်္ကာပူ နိုင်ငံရောက် ကရင် တိုင်းရင်းသားများဖြင့် စုပေါင်း ဖွဲ့စည်း ထားသော ဇွဲကပင် မျိုးချစ် ကရင် လူငယ် အဖွဲ့ (စင်္ကာပူ)၏ သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေး တစ်ရပ်ကို ယခု လာမည့် ဖေဖော်ဝါရီလ ၅ ရက် (ဖေဖော်ဝါရီလ ပထမပတ် တနင်္ဂနွေနေ့)တွင် လစဉ် အစည်းအဝေးများ ကျင်းပနေကျ နေရာဖြစ်သော ပင်နီစူလာ ပလာဇာအနီးရှိ  Fort Canning Park   တွင် ညနေ ၆း၀၀ တွင် စတင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ သုံးနှစ်ပြည့် နှစ်ပတ်လည် အထူး အစည်းအဝေးသို့ ကရင် အမျိုးသားရေးကို ချစ်မြတ်နိုးသော ကရင် တိုင်းရင်းသားများ အားလုံး တက်ရောက်နိုင်ရန် သက်ဆိုင်ရာက ဖိတ်ကြား နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။ 

          အဆိုပါ ဇွဲကပင် မျိုးချစ် ကရင် လူငယ်များ အဖွဲ့ (စင်္ကာပူ)ကို လွန်ခဲ့သည့် ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စင်္ကာပူရောက် ကရင် တိုင်းရင်းသားများအား အခက်အခဲ ကြုံသည့်အခါ လိုအပ်သလို အကူအညီပေး ကြည့်ရှု ကူညီ စောင့်ရှောက် နိုင်ရေး၊ ကရင့် အမျိုးသားရေး တာဝန်များကို ရောက်ရာ နေရာတွင် ကရင် တိုင်းရင်းသားများ စုစည်းကာ စွမ်းစွမ်းတမံ ဖော်ဆောင်နိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် စင်္ကာပူရောက် ကရင် လူငယ်များက စတင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ သက်တမ်း သုံးနှစ်တာ ကာလ အတွင်းတွင် စင်္ကာပူ နိုင်ငံတွင် တစ်ကြိမ်တစ်ခါမှ ကျင်းပ ပြုလုပ်နိုင်ခြင်း မရှိခဲ့သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ (လက်ချည်ပွဲ) များကို တတိယ အကြိမ်အထိ နှစ်စဉ် ကျင်းပ ပြုလုပ် ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ နှစ်စဉ်လည်း စင်္ကာပူ နိုင်ငံ ကရင် နှစ်သစ်ကူး ပွဲများကို တက်တက်ကြွကြွ ပူးပေါင်း ကျင်းပခဲ့ ရုံသာမက၊ ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် အဖြစ် နှစ်စဉ် ဘုန်းတော်ကြီး ကျောင်းများတွင် ဆွမ်းကပ် အလှူပွဲများ ကျင်းပလျှက် ရှိသည်။
(သတင်း - ကရင်လေးမောင်ထင်)

Monday 26 December 2011

၂၇၅၁နှစ်မြောက် ကရင့်ရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပပြီးစီး

(စင်္ကာပူ ဒီဇင်ဘာ ၂၅ရက်)
           ယနေ့ ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျရောက်သော ၂၇၅၁နှစ်မြောက် ကရင့်ရိုးရာ နှစ်သစ်ကူး ပွဲတော် အခမ်းအနားကို စင်္ကာပူနိုင်ငံ အမှတ် (7)၊ Shenton Way ရှိ Singapore Conference Hall တွင် ညနေ ၅ နာရီ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ စင်္ကာပူရောက် ကရင် တိုင်းရင်းသားပေါင်း နှစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည်။ ရှမ်းတိုင်းရင်းသား မိသားစု (စင်္ကာပူ)နှင့် ပအိုးဝ် တိုင်းရင်းသား မိသားစု (စင်္ကာပူ) တို့ကလည်း အဆိုပါ နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဂုဏ်ပြု တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို အစီအစဉ် နှစ်ပိုင်း ခွဲကာ ကျင်းပခဲ့ရာ ပထမပိုင်းတွင် ၂၇၅၁နှစ်မြောက် ကရင်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပရေး အခမ်းအနား သဘာပတိကြီး စကျော်ဃှိလာက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကရင် တိုင်းရင်းသား လူမျိုးစု ဘာသာ စကားများဖြင့် ကျေးဇူးတင် စကား ပြောဆိုခြင်း အစီအစဉ်တွင် အရှေ့ပိုး ကရင် ဘာသာ စကားဖြင့် စောမုန်တိုင်းက လည်းကောင်း၊ အနောက်ပိုး ကရင် ဘာသာ စကားဖြင့် နန့်စိုးနွယ်အောင်က လည်းကောင်း၊ စကော ကရင် ဘာသာ စကားဖြင့် နော်ဘလက်ဇင်းက လည်းကောင်း၊ ဘွဲကရင် ဘာသာ စကားဖြင့် စောကောင်စီဝါးက လည်းကောင်း၊ ကယား ဘာသာ စကားဖြင့် မော်ဆယ်တယ်ခဲက လည်းကောင်း အသီးသီး ကျေးဇူးတင်စကား ပြောကြားသွားခဲ့ကြသည်။ ထို့နောက် အထူး ဖိတ်ကြားထားသော ဧည့်သည်တော် တစ်ဦးဖြစ်သူ ကရင် တိုင်းရင်းသား စာရေးဆရာ မန်းလင်းမြတ်ကျော်က ကရင် တိုင်းရင်းသားတို့အတွက် မှတ်သားဖွယ်ရာများကို ပြောကြားခဲ့သည်။ ဆက်လက်၍ ၂၇၅၁ခုနှစ် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပထမ ဆုရအသင်း၊ အကောင်းဆုံး ဘောလုံးသမားဆု၊ ဂိုးအများဆုံး သွင်းနိုင်သော ဘောလုံးသမားဆုတို့နှင့် ပြီးခဲ့သည့် စာသင်နှစ်တွင် GCE O စာမေးပွဲကို ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ၂၇၅၁နှစ်မြောက် ကရင် အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟို ကော်မတီမှ ဖထီး စောသူးသူးပေါလ်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနား အစီအစဉ် ပထမပိုင်း ပြီးဆုံးခဲ့သည်။
၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်တွင် အရှေ့ပိုးကရင် လူငယ်များက ဒုံးအက တင်ဆက်နေစဉ်

           ထို့နောက် အခမ်းအနား အစီအစဉ် ဒုတိယပိုင်းကို ဆက်လက်တင်ဆက်ရာတွင် အရှေ့ပိုး ကရင် တိုင်းရင်းသား တိုင်းရင်းသူများ၏ ရိုးရာဒုံးယိမ်းအကနှင့် တေးဂီတ ဖျော်ဖြေမှု၊ အနောက်ပိုး ကရင် တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ တေးဂီတများ၊ စကော ကရင် တိုင်းရင်းသား တိုင်းရင်းသူလေးများ၏ ဒုံးယိမ်းအက၊ ၀ါးညှပ်အကတို့ဖြင့် စုံလင်စွာ တင်ဆက်ခဲ့ကြသည်။ တင်ဆက်မှုများ တင်ဆက်နေစဉ် အတွင်းတွင် အကူအညီ လိုအပ်နေသော ကရင် ဒေသများသို့ ပေးပို့လှူဒါန်းနိုင်ရန် အလှူငွေများ ကောက်ခံခဲ့ရာ စင်္ကာပူဒေါ်လာ ၆၀၀၀ကျော်၊ မြန်မာကျပ်ငွေ ၁၀၀၀ကျပ်၊ မလေးရှား ရင်းဂစ် ၂၀၀ကျော် ကောက်ခံရရှိခဲ့သည်။ အဆိုပါ ကောက်ခံရရှိသော ငွေကြေးများကို သက်ဆိုင်ရာ ဒေသများသို့ ဆက်လက် ပေးပို့ လှူဒါန်းသွားမည် ဖြစ်သည်။ အခမ်းအနားကို ယနေ့ည ၁၀ နာရီခန့်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်း-မြောင်းမြကရင်လေး)